ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းစနစ်၏ အရေးပါမှု
မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှု ရေရှည်တည်တံ့စေရန် ကြိုးပမ်းအားထုတ်ရာတွင် သဘာဝသယံဇာတ ထုတ်လုပ်မှုမှရရှိသော ဝင်ငွေအပေါ် အထူးအားပြုမှီခိုနေရသောကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုများနှင့် မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရလျက် ရှိပါသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံသည် နိုင်ငံတော်အဆင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများကို ကောင်းမွန်စွာ လိုက်နာ ကျင့်သုံးနှိုင်မှုတွင် အဆင့် ၁၃၈ သာ ချိတ်ပါသည်။1 လွန်ခဲ့သော နှစ်အနည်းငယ်အထိ မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ဆိုင်ရာ တိကျသော ဉပဒေပြဌာန်းမှုများနှင့် ဥပဒေသက်ရောက်မှုများ မရှိခဲ့ခြင်းကြောင့် သက်ရောက်မှုပြင်းထန်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များသည် ပေါ်ပေါက်နေဆဲဖြစ်၍ ရင်းနှီးမြုပ်နှံသူများအတွက် မရေရာသော အခြေအနေတွင် ရှိနေပါသည်။ ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်အရ မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်နိုင်ရန် ချောမွေ့လွယ်ကူမှု အနေအထားသည် နိမ့်ကျလျက်ရှိပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ အနက် မြန်မာနိုင်ငံသည် အဆင့် ၁၇၁ ၌သာ ရှိနေပါသည်။2 မြန်မာနိုင်ငံအနေဖြင့် မကြာသေးမီကာလများအတွင်း နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံသူများကို လာရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ပတ်ဝန်းကျင်ဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ်များကို ခေတ်မီတိုးတက်စေရန် အားထုတ်လျက်ရှိပါသည်။ ထိုသို့အားထုတ်ကြိုးပမ်းရာတွင် ပွင့်လင်းမြင်သာမှု အားကောင်းစေရန် ဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်များရရှိမှုနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှု စသည်တို့ပါဝင်ပြီး ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) သည် အဆိုပါနည်းလမ်းများတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။3
မြန်မာနိုင်ငံ ပတ်ဝန်းကျင် စီမံအုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ
မြန်မာနိုင်ငံသည် မကြာသေးမီကာလများအတွင်း ပတ်ဝန်းကျင်ဆိုင်ရာ စီမံအုပ်ချုပ်မှုအတွက် အစိုးရဌာန ပြင်ဆင်ဖွဲ့စည်းခြင်းများအပါအဝင် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ မှစ၍ ယခင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန (MOECAF) နေရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် ထိရောက်သော ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ပေါ်ထွန်းလာနိုင်စေရန် အဓိကညှိနှိုင်း ဆောင်ရွက်ပေးသည့် ဆုံချက်အဖွဲ့အစည်းအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန(ECD) ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနက ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင်လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်၌ နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်များကို အဓိက တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းဦးစီးဌာနအောက်တွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ရုံးဌာနများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။ ပုံ-၁ တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (ECD) ဖွဲ့စည်းပုံကို ကြည့်ရှုနိုင်ပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိချမှတ်ကျင့်သုံးနေသော မူဝါဒများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒများ လည်း ပါဝင်ပါသည်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈ – ၂၀၃၀)5 ပန်းတိုင်အမှတ် (၃) မဟာဗျူဟာအမှတ် (၃.၆) တွင် စဉ်ဆက်မပြတ်ဖွံဖြိုးမှုနှင့် စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးမည့် အခြေခံအဆောက်အအုံများတည်ဆောက်ရန်နှင့် အဆိုပါ အဆောက်အအုံများတည်ဆောက်မှု၏ ဆိုးကျိုးများမှ ကာကွယ်ပေးမည့် ထိရောက်သော လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာအစီအမံများ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။6 ၂၀၁၉ ခုနှစ်၊ ဇွန်လ ၅ ရက်တွင် မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒကို စတင်ချမှတ်ခဲ့ပြီး အဓိက ရည်မှန်းချက်များမှာ(၁) သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်များ ရရှိရေး၊ (၂) စီးပွားရေးနှင့် လူမှုရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေး နှင့် (၃) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲရေးကို ထည့်သွင်းပေါင်းစပ်ရေး တို့ဖြစ်ပါသည်။7
အဆိုပါ ပြုပြင်ပြောင်းလဲမှု၏ သိသာထင်ရှားသော အခြားရလဒ်တစ်ခုမှာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော EIA လုပ်ငန်းစဉ်တစ်ရပ် ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဥပဒေပုဒ်မ (၄၅) အရ နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရမည် ဆိုသည့်အချက်နှင့် ဉပဒေပုဒ်မ (၃၉၀ – ခ) အရ နိုင်ငံသားတိုင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ကိစ္စရပ်များတွင် နိုင်ငံတော်အား ကူညီရန် တာဝန်ရှိသည် ဟူသော ပြဌာန်းချက်ကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် EIA လုပ်ငန်းစဉ်သည် နည်းလမ်းတစ်သွယ် ဖြစ်ပါသည်။8 မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒတွင် အဆိုပါ တာဝန်နှင့် ဝတ္တရားများကို ရှင်းလင်းဖော်ပြထားပြီး ၂၀၁၂ ခုနှစ်၌ ပြဌာန်းခဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉပဒေကို ခြုံငုံထားသည့် ဥပဒေမူဘောင်တစ်ခု ပါဝင်ပါသည်။9 အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉပဒေကို အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များအား ၂၀၁၄ ခုနှစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဉပဒေများတွင် အသေးစိတ်ဖော်ပြထားပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အတည်ပြုပြဌာန်းထားသည့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅ ခုနှစ်) တွင် EIA လုပ်ငန်းစဉ်များကို ရှင်းလင်းဖော်ပြထားပါသည်။ ဤလုပ်ထုံးလုပ်နည်းသည် မြန်မာနိုင်ငံတွင် ပထမဆုံး သတ်မှတ်ပြဌာန်းသည့် ပြည့်စုံသော EIA ဆိုင်ရာ ဥပဒေမူဘောင်တစ်ရပ်ဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုသက်သေခံ လက်မှတ် (ECC) ရရှိနိုင်စေရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဖော်ပြထားပါသည်။ ထို့အပြင် EIA လုပ်ငန်းစဉ်များတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်မှု လမ်းညွှန်ချက် မူကြမ်းကိုလည်း ၂၀၁၇ ခုနှစ်တွင် ပြုစုခဲ့ပြီး အတည်ပြုချက်ရယူရန် တင်ပြထားပြီးဖြစ်ပါသည်။10
လက်ရှိတွင် EIA ဆိုင်ရာ ဉပဒေ အများအပြားကိုလည်း အတည်ပြုပြဌာန်းပြီးဖြစ်ပါသည်။ ကဏ္ဍအလိုက် EIA ဆိုင်ရာ လမ်းညွှန်ချက်များအနေဖြင့် သတ္တုတူးဖော်ရေး အတွက် EIA ဆိုင်ရာ လမ်းညွှန်ချက်များကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) တို့၏ အကူအညီဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဆိုင်ရာ EIA လမ်းညွှန်ချက်များကို နော်ဝေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်း (NEA) ၏ အကူအညီဖြင့် လည်းကောင်း၊ ရေအားလျှပ်စစ်လုပ်ငန်း ဆိုင်ရာ EIA လမ်းညွှန်ချက်များကို အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း (IFC) ၏ ကူညီထောက်ပံ့မှုဖြင့် လည်းကောင်း အသီးသီး ပြင်ဆင်ရေးဆွဲလျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ (NEQG) အား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉ တွင် ပြဌာန်းခဲ့ပြီး ဆူညံသံများ၊ ဓာတ်ငွေ့ထုတ်လွှတ်မှုများ ၊ ရေဆိုးစွန့်ထုတ်မှုများ မှ ညစ်ညမ်းမှုများကို ကာကွယ်ရန် လမ်းညွှန်ချက်များကို ရှင်းလင်းဖော်ပြထားပါသည်။ အဆိုပါ လမ်းညွှန်ချက်များကို IFC ၏ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ရေးဆွဲပြုစုထားပြီး ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ၏ နောက်ဆက်တွဲ က ပါ စီမံကိန်း အမျိုးအစားများအားလုံး အတွက် အသုံးပြုနိုင်ပါသည်။
ထို့အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၆) ပုဒ်မ (၃၆) အရ မတည်ငွေရင်း ကြီးမား၍ သဘာဝ ပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ကြီးမားသော သက်ရောက်မှု ဖြစ်စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ ခွင့်ပြုချက် ရယူရန်လိုအပ်ပါသည်။11 မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ (၂၀၁၇) တွင်လည်း အလားတူ ပြဌာန်းထားပါသည်။ သို့ရာတွင် ရင်းနှီးမြှုပ်နှံမှု ဥပဒေ ၊ နည်းဥပဒေနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအကြား ချိတ်ဆက်ဆောင်ရွက်မှုများ အထူးသဖြင့် EIA များနှင့် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းများ (IEEs) ဆောင်ရွက်ရမည့်အချိန်ကို သတ်မှတ်ရာ၌ ရှင်းလင်းပြတ်သားမှု အားနည်းနေပါသေးသည်။12
EIA လုပ်ငန်းစဉ်
ဤအပိုင်းတွင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) လုပ်ငန်းစဉ်ကိုဆွေးနွေး တင်ပြထားပြီး ကနဦးပတ်ဝန်းကျင်ဆန်းစစ်မှု (IEE) လုပ်ငန်းစဉ်များကို အသေးစိတ်ဖော်ပြမည် မဟုတ်ပါ။
စီမံကိန်းအဆိုပြုသူသည် စီမံကိန်းပါအကြောင်းအရာများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနသို့ တင်ပြရန်လိုအပ်ပြီး ဦးစီးဌာနအနေဖြင့် EIA လုပ်ထုံးလုပ်နည်း (၂၀၁၅) နောက်ဆက်တွဲ က ပါ ဆန်းစစ်ခြင်း ဆောင်ရွက်ရန်လိုအပ်သည့် စီမံကိန်းအမျိုးအစားနှင့် အရွယ်အစားသတ်မှတ်ချက်များအပြင် EIA လုပ်ထုံးလုပ်နည်း အပိုဒ်ခွဲ ၂၅၊ ၂၈ တို့နှင့်အညီ တိုက်ဆိုင်စစ်ဆေး၍ စီမံကိန်းအမျိုးအစားကို IEE သို့မဟုတ် EIA ဟု ဆုံးဖြတ်ရမည်ဖြစ်ပါသည်။ ဤလုပ်ငန်းစဉ်ကို စီမံကိန်းအဆိုပြုလွှာစိစစ်ခြင်း (Screening) ဟု ခေါ်ပါသည်။ EIA/ IEE အမျိုးအစားအဖြစ် သတ်မှတ်ထားခြင်းမရှိသည့် စီမံကိန်းများအတွက် ဦးစီးဌာန၏ မှတ်ချက်များနှင့်အညီ သီးခြား ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) များကို စီမံကိန်းအဆင့်တိုင်းအတွက် ပြင်ဆင်ရေးဆွဲရန် လိုအပ်ပါသည်။
EIA စီမံကိန်းများအတွက် စီမံကိန်း အဆိုပြုသူများအနေဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် အစီရင်ခံခြင်းကို ဆောင်ရွက်ရန် မိမိတို့ ရွေးချယ်ထားသည့် အဖွဲ့အစည်း၏ အချက်အလက်တို့ကို လေ့လာမှုများမစတင်မီ ဦးစီးဌာနသို့ အသေးစိတ် စာဖြင့်ရေးသားတင်ပြရန် လိုအပ်ပါသည် (အပိုဒ်ခွဲ ၄၅)။ အပိုဒ်ခွဲ ၄၅ နှင့် ၁၇ – ၂၂ အရ စီမံကိန်း အဆိုပြုသူအနေဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းတို့ ပြုလုပ်ရန် လုပ်ငန်းလိုင်စင် ရရှိထားသော တတိယ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း ကို တာဝန်ပေးအပ်ရမည် ဖြစ်ပါသည်။ သို့ရာတွင် လုပ်ထုံးလုပ်နည်း အပိုဒ်ခွဲ ၃၂ တွင် မူ IEE အတွက် အဆိုပါလုပ်ငန်းစဉ်များကို စီမံကိန်းအဆိုပြုသူကိုယ်တိုင် သို့မဟုတ် လုပ်ငန်းဆိုင်ရာ အကြံပေးဖြစ်သူမှ ဆောင်ရွက်နိုင်သည်ဟု ဖော်ပြထားသောကြောင့် လုပ်ထုံးလုပ်နည်းနှစ်ရပ်အကြားတွင် ခြားနားမှု ရှိနေပါသည်။ စီမံကိန်းအဆိုပြုသူသည် ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များနှင့် နယ်ပယ် အတိုင်းအတာသတ်မှတ်ခြင်း အစီရင်ခံစာကို သုံးသပ် အတည်ပြုပေးနိုင်ရန် ဦးစီးဌာနသို့တင်ပြရမည် (အပိုဒ်ခွဲ ၅၃)။ ဤလုပ်ငန်းစဉ်ကို အပိုဒ်ခွဲ ၄၇ အရ နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်း (Scoping) ဟုခေါ်ပါသည်။
စီမံကိန်းဆိုင်ရာ လုပ်ငန်းတာဝန်များနှင့် နယ်ပယ် အတိုင်းအတာသတ်မှတ်ခြင်း အစီရင်ခံစာတို့ကို ဦးစီးဌာမှ သဘောတူခွင့်ပြုပြီးနောက် စီမံကိန်းအဆိုပြုသူအနေဖြင့် စုံစမ်းစစ်ဆေးခြင်း (Investigation) ကို စတင်နိုင်ပါသည်။ EIA စီမံကိန်းအမျိုးအစားများအတွက် အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်း (Public Consultation) ကို နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းကာလ၌ပင် ဆောင်ရွက်ရမည် ဖြစ်ပါသည် (အပိုဒ်ခွဲ ၅၀ နှင့် ၆၁)။ စီမံကိန်းအဆိုပြုသူသည် EIA လုပ်ထုံးလုပ်နည်း အပိုဒ်ခွဲ ၆၃ တွင် ပြဌာန်းထားသည့် သတ်မှတ်ချက်များနှင့်အညီ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာကို ပြုစုရန် တာဝန်ရှိသည့်အပြင် အပိုဒ်ခွဲ ၆၄ အရ ဦးစီးဌာနသို့ တင်ပြရန် လိုအပ်ပါသည်။ အဆိုပါအစီရင်ခံစာကို ဦးစီးဌာနမှရရှိသည့်အခါ အပိုဒ်ခွဲ ၆၇ (က) အရ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာ သုံးသပ်ရေး အဖွဲ့သို့ပေးပို့၍ စီစစ်သုံးသပ်မှု ပြုလုပ်စေမည်ဖြစ်ပါသည်။ အပိုဒ်ခွဲ ၆၇ (ခ) နှင့် (ဂ) အရ ဤအဆင့်တွင် အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်း လိုအပ်ပါသည်။ IEE/EIA စီမံကိန်းအမျိုးအစား နှစ်ရပ်လုံး နှင့်ပတ်သက်သည့် အစီရင်ခံစာများကို စီမံကိန်းအဆိုပြုသူအနေဖြင့် စီမံကိန်းဝက်ဘ်ဆိုက်နှင့် သတင်းမီဒီယာများ စသည်တို့မှတဆင့် ပြည်သူလူထုသို့ ဖော်ထုတ်တင်ပြရမည် ဖြစ်ပါသည်။13 ထို့အတူ ဦးစီးဌာနအနေဖြင့်လည်း မိမိတို့ထံ တင်ပြထားသည့် EIA (သို့မဟုတ်) IEE အစီရင်ခံစာများကို ၎င်းတို့၏ဝက်ဘ်ဆိုက်မှတဆင့် ပြည်သူလူထုသို့ ဖော်ထုတ်တင်ပြ ၍ အကြံပြု ဝေဖန်ချက်များ ရယူရန် လိုအပ်ပါသည်။14
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာ သုံးသပ်ရေးအဖွဲ့၏ သုံးသပ်မှုအပေါ်မူတည်၍ ဦးစီးဌာနသည် အပိုဒ်ခွဲ ၇၀ နှင့်အညီ သဘောတူခွင့်ပြု၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ကို အပိုဒ်ခွဲ ၂ (ပ) နှင့်အညီ တရားဝင်ထုတ်ပေးမည် ဖြစ်ပါသည်။ ECC သည် စတင်ထုတ်ပေးသည့် နေ့မှစ၍ ၅ နှစ် သက်တမ်းရှိပြီး စီမံကိန်းအဆိုပြုသူအနေဖြင့် သဘာဝသယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ သက်သေခံလက်မှတ် သက်တမ်းမကုန်ဆုံး မီ ၆ လ ကြိုတင်၍ သက်တမ်းတိုးခွင့် လျှောက်ထားနိုင်ပါသည်။15 IEE/ EIA/ EMP စီမံကိန်းအမျိုးအစားများနှင့်ပတ်သက်သည့် လုပ်ငန်းစဉ် ပုံပြဇယားများကို EIA လုပ်ထုံးလုပ်နည်း၏ နောက်ဆက်တွဲ (ခ)တွင် ဖော်ပြထားသည်။ စီမံကိန်းအတွက် နောက်ဆုံး ဆုံးဖြတ်ချက် (သို့မဟုတ်) ECC ကို ECD website တွင် ဖော်ပြပါလိမ့်မည်။
စောင့်ကြပ်ကြည့်ရှုခြင်းနှင့် စစ်ဆေးခြင်း
EIA လုပ်ထုံးလုပ်နည်း၏ အပိုဒ်ခွဲ ၁၀၆ အရ စီမံကိန်းအဆိုပြုသူသည် စီမံကိန်းအဆင့်အားလုံး၏ ဆိုးကျိုး သက်ရောက်မှုများအတွက် စီမံကိန်းအပြင် ၎င်းနှင့်ဆက်စပ်သော လှုပ်ရှားဆောင်ရွက်မှုများကို ကိုယ်တိုင် စောင့်ကြပ်ကြည့်ရှုရမည်ဖြစ်သည်။ စောင့်ကြပ်ကြည့်ရှုမှုအစီရင်ခံစာကို စီမံကိန်းအဆိုပြုသူက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ အနည်းဆုံး ခြောက်လတစ်ကြိမ် တင်ပြရမည်။ ဝန်ကြီးဌာနအနေဖြင့် စီမံကိန်းနှင့်ဆက်စပ်သော လှုပ်ရှားဆောင်ရွက်မှုများအား စောင့်ကြည့်လေ့လာခြင်းနှင့် စစ်ဆေးခြင်းများကို ပြုလုပ်နိုင်သည်။ လိုအပ်ပါက ဝန်ကြီးဌာနသည် အခြားမည့်သည့်ဝန်ကြီးဌာနများနှင့်မဆို အတူတကွ စစ်ဆေးနိုင်သည်။ ထုတ်ပြန်ထားသော ECC နှင့်အတည်ပြုထားသော EMP ကို လိုက်နာရန် ပျက်ကွက်မှုအတွက် ဒဏ်ကြေးငွေများနှင့် အခြားစီမံခန့်ခွဲရေးဆိုင်ရာ အရေးယူမှုများကို EIA လုပ်ထုံးလုပ်နည်း၏ နောက်ဆက်တွဲ (ဂ) တွင် အသေးစိတ်ဖော်ပြထားသည်။ အပိုဒ်ခွဲ (၁၁၀) တွင် စောင့်ကြပ်ကြည့်ရှုမှုအစီရင်ခံစာအား စီမံကိန်း၏၀က်ဘ်ဆိုက်နှင့် အများပြည်သူစုဝေးရာနေရာများတွင် လူသိရှင်ကြား ကြေငြာရမည်ဟု ဖော်ပြထားသည်။
လက်ရှိတွင် EIA ၊ IEE နှင့် EMP များကို စိစစ်သုံးသပ်ရန်နှင့် အတည်ပြုရန် EIA ဌာနခွဲကို ECD အတွင်း ဖွဲ့စည်းထားသည်။ ဌာနခွဲတွင် ကဏ္ဍအလိုက်အဖွဲ့ ၅ ဖွဲ့ရှိပြီး ၎င်းတို့မှာ – (၁) သတ္တုတွင်း၊ (၂) ရေအားလျှပ်စစ်၊ (၃) အခြေခံအဆောက်အအုံ၊ (၄) စက်မှုလုပ်ငန်း (ထုတ်လုပ်မှု) နှင့် (၅) စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် စိုက်ခင်းတို့ ဖြစ်သည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနသည် ဘတ်ဂျက်၊ အရင်းအမြစ်များနှင့် စွမ်းရည်မြှင့်တင်မှုအတွက် သိသိသာသာ တိုးမြှင့်ရန်လိုအပ်သော်လည်း ၂၀၂၅ ခုနှစ်တွင် ၀န်ထမ်းဦးရေ ၁၉,၀၀၀ ကျော် ခန့်အပ်၍ ခရိုင်အဆင့်တွင် ရုံးပေါင်း (၇၃)ခုနှင့် မြို့နယ်အဆင့်တွင် (၃၆၅) ခုကို တည်ထောင်ရန် ကြီးမားသော ရည်မှန်းချက်များ ချမှတ်ထားသည်။16
ECD သို့တင်သွင်းသော EIAများ၊ IEEများ နှင့် EMPများ၏ အရေအတွက်သည် (၂၀၁၄-၁၅ မှ ၂၀၁၇-၁၈ အထိ) နှစ်စဉ်နှစ်တိုင်း တိုးပွားလာပြီး ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလအထိ စုစုပေါင်းအစီရင်ခံစာ ၂,၇၈၃ ခုကို တင်သွင်းခဲ့သည်။ ဤအစီရင်ခံစာများ၏ ၈၉.၆% (၂,၄၉၄ ခု) ကို အကြောင်းပြန်ခဲ့ပြီး ၆.၉% (၁၉၂ ခု) ကိုသာ အတည်ပြုနိုင်ခဲ့သည်။ (ဇယား ၁)17 အစီရင်ခံစာများကို အောက်ပါ ကဏ္ဍအသီးသီးအတွက် တင်သွင်းကြသည် – (၁) အထူးရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၊ (၂) စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ (၃) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တော ဖွံ့ဖြိုးတိုးတက်မှု၊ (၄) ကုန်ထုတ်လုပ်မှု၊ (၅) ရေပေးဝေရေး၊ (၆) အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်မှု၊ (၇) သယ်ယူပို့ဆောင်ရေးနှင့် (၈) သတ္တုတွင်းလုပ်ငန်းတို့ ဖြစ်သည်။
ဇယား(၁) ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ ECD မှလက်ခံရရှိထားသော EIAများ၊ IEEများနှင့် EMPများ
အမျိုးအစား | လက်ခံရရှိမှု စုစုပေါင်း | အကြောင်းပြန်မှု စုစုပေါင်း | % | အတည်ပြုချက် စုစုပေါင်း | % | အကြောင်းပြန်ရန်စောင့်စားမှုစုစုပေါင်း | အတည်ပြုရန် စောင့် စားမှု စုစုပေါင်း |
---|---|---|---|---|---|---|---|
EIA | ၂၈၇ | ၁၉၅ | (၆၇.၉) | ၃၇ | (၁၂.၉) | ၉၂ | ၂၅၀ |
IEE | ၅၃၅ | ၄၅၄ | (၈၆.၅) | ၄၃ | (၈.၂) | ၇၁ | ၄၈၂ |
EMP | ၁,၉၇၁ | ၁,၈၄၅ | (၉၃.၆) | ၁၁၂ | (၅.၇) | ၁၂၆ | ၁,၈၅၉ |
စုစု ပေါင်း | ၂,၈၇၃ | ၂,၄၉၄ | (၈၉.၆) | ၁၉၂ | (၆.၉) | ၂၈၉ | ၂,၅၉၁ |
စိန်ခေါ်မှုများ
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့သည် EIA၊ IEEနှင့် EMP များကို စိစစ်သုံးသပ်ရန်နှင့် အတည်ပြုရန်အတွက် ၎င်းတို့၏ အဖွဲ့များကို ဖွဲ့စည်းထားသော်လည်း လက်ရှိတွင် ECD ၏ အရင်းအမြစ်များ၊ နည်းပညာနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်များသည် အကန့်အသတ်ရှိသောကြောင့် စိစစ်သုံးသပ်မှုအား နှောင့်နှေးစေခဲ့ပြီး မစိစစ်ရသေးသော အစီရင်ခံစာများအား ဆက်လက်စုပုံစေခဲ့သည်။ ထို့အပြင် တင်ပြလာသော အစီရင်ခံစာများ၏ အရည်အသွေးညံ့ဖျင်းခြင်း အထူးသဖြင့် သတ္ထုတွင်းကဏ္ဍအစီရင်ခံစာ သည်လည်း နှောင့်နှေးမှုကို ပိုမိုဖြစ်ပေါ်စေသည်။ အဘယ့်ကြောင့်ဆိုသော် ဤအစီရင်ခံစာများကို ပြန်လည်ပြင်ဆင်တင်ပြရန် ECD ၀န်ထမ်းများအနေဖြင့် စီမံကိန်းအဆိုပြုသူ၊ EIA အကြံပေးပုဂ္ဂိုလ်တို့နှင့် အကြိမ်ပေါင်းများစွာ အပြန်အလှန် ဆက်သွယ်နေရ၍ အချိန်ကုန်သောကြောင့် ဖြစ်ပါသည်။ ထို့အပြင် ECD အနေဖြင့် တစ်နိုင်ငံလုံးရှိ စီမံကိန်းများကို စောင့်ကြပ်ကြည့်ရှုရန်နှင့် စစ်ဆေးရန်တို့အတွက် ဘတ်ဂျက်၊ ၀န်ထမ်းအင်အား၊ ပစ္စည်းကိရိယာ၊ ပံပိုးပေးမှုများမှာ အကန့်အသတ်ဖြင့်သာ ရရှိပါသည်။18 အခြားသော စိန်ခေါ်မှုများမှာ အထူးစီးပွားရေးဇုန်များ (SEZs) တွင် EIA လုပ်ထုံးလုပ်နည်းကို အသုံးပြုခြင်း၊ ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ရေးဆွဲရန်အတွက် မဟာဗျူဟာမြောက် ပတ်၀န်းကျင်ဆိုင်ရာ ဆန်းစစ်မှု မရှိခြင်းနှင့် လူမှုဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်းအတွက် လူထုပါဝင်မှုနှင့် သတင်းအချက်အလက်များ ဖော်ထုတ်မှု လုံလောက်စွာ မရှိခြင်း တို့ဖြစ်သည်။
ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၏ အခန်း (၆) တွင် EIA လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ကျေနပ်မှုမရှိသူများအတွက် အယူခံခြင်း လုပ်ငန်းစဉ်ကို ဖော်ပြထားသည်။19 ၎င်းသည် စီမံကိန်းကြောင့် ထိခိုက်နိုင်သည့် လူထုအတွက် မိမိတို့၏ အခွင့်အရေးများကို ရရှိနိုင်ရေးတွင် အသုံးပြုနိုင်သော ထိရောက်သည့် လက်နက်တစ်ခု ဖြစ်လာနိုင်သည်။ သို့သော် အယူခံခြင်း လုပ်ငန်းစဉ်အား အသုံးပြုခြင်း မရှိသေးပေ။
မြန်မာနိုင်ငံ၏ EIA စနစ်ကို တိုးတက်စေရန်အတွက် ကမ္ဘာ့ဘဏ်သည် EIA အတွက်သာမက အခြား လုပ်ငန်းစဉ်များကိုလည်း အောက်ပါအတိုင်း အကြံပြုထားသည်။
- ပွင့်လင်းမြင်သာသော ပတ်ဝန်းကျင်စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်ကို တည်ထောင်ရန်။
- EIA ကို အတည်ပြုခြင်း၊ စိစစ်သုံးသပ်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းအတွက် အန္တရာယ်ရှိမှုနှင့် ရလဒ်ကို အခြေခံသော နည်းလမ်းအား အသုံးပြုရန်။
- ပတ်၀န်းကျင်ဆိုင်ရာဆန်းစစ်မှုနှင့် လိုက်နာဆောင်ရွက်မှု ကုန်ကျစရိတ်များကို ကာမိစေရန်အတွက် သီးသန့်ဘဏ္ဍာရေး ယန္တရား တည်ဆောက်ရန်။
- ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့အစည်းများ ပိုမိုအားကောင်းလာစေရန်နှင့် နိုင်ငံအဆင့်နှင့် ဒေသအဆင့်များတွင် စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် အရင်းအမြစ်များကို စုဆောင်းရန်။20
EIA အစီရင်ခံစာများနှင့် စာချုပ်များကို ဤနေရာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
References
- 1. ပတ်ဝန်းကျင်ဥပဒေနှင့် မူဝါဒဆိုင်ရာ ဗဟိုဌာန၊ ယေးလ်တက္ကသိုလ်။ ၂၀၁၈ ခုနှစ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်မှုဆိုင်ရာအညွှန်းကိန်း ၂၀၁၈။ ၂၀၂၀ ဇန်နဝါရီ ၈ မှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- 2. ကမ္ဘာ့ဘဏ်။ ၂၀၁၉ ခုနှစ်။ လုပ်ငန်းဆောင်ရွက်နိုင်မှု ၂၀၁၉ – ပြုပြင်ပြောင်းလဲမှုဆိုင်ရာ လေ့ကျင့်သင်ကြားခြင်းများ။ ၂၀၂၀ ဇန်နဝါရီ ၈ မှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- 3. ကမ္ဘာ့ဘဏ်။ ၂၀၁၉ ခုနှစ်။ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် – ရေရှည်တည်တံ့မှု၊ ငြိမ်းချမ်းမှုနှင့် ကြွယ်ဝမှုဆီသို့သွားရာ လမ်းတစ်သွယ် – စုစည်းမှုအစီရင်ခံစာ။ ၂၀၂၀ ဇန်နဝါရီ ၉ မှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- 4. Martin Fodor and Stephen Ling. ၂၀၁၉ခုနှစ်။ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် – ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းစနစ်ကို လေ့လာသုံးသပ်၍ ပိုမိုကောင်းမွန်လာစေမည့် နည်းလမ်းများ ဖော်ထုတ်ခြင်း။ ၂၀၂၀ ဖေဖော်ဝါရီ ၁ မှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- 5. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ။ ၂၀၁၈ ခုနှစ်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈ – ၂၀၃၀)။ ၂၀၂၀ ဖေဖော်ဝါရီ ၁ မှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- 6. ကမ္ဘာ့ဘဏ်။ ၂၀၁၉ ခုနှစ်။ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းစနစ်ကို လေ့လာသုံးသပ်၍ ပိုမိုကောင်းမွန်လာစေမည့် နည်းလမ်းများ ဖော်ထုတ်ခြင်း (အကျဉ်းချုပ်)။ ၂၀၂၀ ဖေဖော်ဝါရီ ၁ မှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- 7. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။ ၂၀၁၉ ခုနှစ်။ မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ။ ၂၀၂၀ ဖေဖော်ဝါရီ ၁ မှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- 8. ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်။ ၂၀၀၈ ခုနှစ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)။ ၂၀၂၀ ဖေဖော်ဝါရီ ၁ မှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- 9. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။ ၂၀၁၂ ခုနှစ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉပဒေ ၂၀၁၂။ ၂၀၂၀ ဖေဖော်ဝါရီ ၁ မှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- 10. ကမ္ဘာ့ဘဏ်။ ၂၀၁၉ ခုနှစ်။ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် – ရေရှည်တည်တံ့မှု၊ ငြိမ်းချမ်းမှုနှင့် ကြွယ်ဝမှုဆီသို့သွားရာ လမ်းတစ်သွယ် – စုစည်းမှုအစီရင်ခံစာ။ ၂၀၂၀ ဇန်နဝါရီ ၉ မှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- 11. ပြည်ထောင်စုလွှတ်တော်။ ၂၀၁၆ ခုနှစ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂၀၁၆)။ ၂၀၂၀ ဖေဖော်ဝါရီ ၁ မှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- 12. ကမ္ဘာ့ဘဏ်။ ၂၀၁၉ ခုနှစ်။ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် – ရေရှည်တည်တံ့မှု၊ ငြိမ်းချမ်းမှုနှင့် ကြွယ်ဝမှုဆီသို့သွားရာ လမ်းတစ်သွယ် – စုစည်းမှုအစီရင်ခံစာ။ ၂၀၂၀ ဇန်နဝါရီ ၉ မှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- 13. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ။ ၂၀၁၅ ခုနှစ်။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ပါ အပိုဒ်ခွဲ ၃၈ နှင့် ၆၅။ ၂၀၂၀ ဖေဖော်ဝါရီ ၁ မှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- 14. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ။ ၂၀၁၅ ခုနှစ်။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ပါ အပိုဒ်ခွဲ ၃၉ နှင့် ၆၆။ ၂၀၂၀ ဖေဖော်ဝါရီ ၂၆ မှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- 15. Ibid at Article 91. ၂၀၂၀ ဖေဖော်ဝါရီ ၁ မှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- 16. ကမ္ဘာ့ဘဏ်။ ၂၀၁၉ ခုနှစ်။ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းစနစ်ကို လေ့လာသုံးသပ်၍ ပိုမိုကောင်းမွန်လာစေမည့် နည်းလမ်းများ ဖော်ထုတ်ခြင်း (အကျဉ်းချုပ်)။ ၂၀၂၀ ဖေဖော်ဝါရီ ၁ မှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- 17. ကမ္ဘာ့ဘဏ်။ ၂၀၁၉ ခုနှစ်။ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် – ရေရှည်တည်တံ့မှု၊ ငြိမ်းချမ်းမှုနှင့် ကြွယ်ဝမှုဆီသို့သွားရာ လမ်းတစ်သွယ် – စုစည်းမှုအစီရင်ခံစာ။ ၂၀၂၀ ဇန်နဝါရီ ၉ မှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- 18. ကမ္ဘာ့ဘဏ်။ ၂၀၁၉ ခုနှစ်။ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းစနစ်ကို လေ့လာသုံးသပ်၍ ပိုမိုကောင်းမွန်လာစေမည့် နည်းလမ်းများ ဖော်ထုတ်ခြင်း (အကျဉ်းချုပ်)။ ၂၀၂၀ ဖေဖော်ဝါရီ ၁ မှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- 19. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ။ ၂၀၁၅ ခုနှစ်။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အခန်း (၆)။ ၂၀၂၀ ဖေဖော်ဝါရီ ၂၆ မှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- 20. ကမ္ဘာ့ဘဏ်။ ၂၀၁၉ ခုနှစ်။ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် – ရေရှည်တည်တံ့မှု၊ ငြိမ်းချမ်းမှုနှင့် ကြွယ်ဝမှုဆီသို့သွားရာ လမ်းတစ်သွယ် – စုစည်းမှုအစီရင်ခံစာ။ ၂၀၂၀ ဇန်နဝါရီ ၉ မှ စတင်ဝင်ရောက်ကြည့်ရှုနှိုင်ပါသည်။