၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ် ၂၀၃၀ ကို အတည်ပြုခဲ့ပါသည်။ ထိုအစီအစဉ်တွင် ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်(SDGs) ၁၇ ခု ပါဝင်ပြီး ကမ္ဘာ့ အရေးကြီးပြဿနာများနှင့် ပတ်သက်၍ ၂၀၃၀ ခုနှစ်အထိ လျာထားဆောင်ရွက်ရန် ရည်ရွယ်ပါသည်။ ထိုပန်းတိုင်များကို ရည်မှန်းချက်ပေါင်း ၁၆၉ ခုနှင့် တိုင်းတာမှုပေါင်း ၂၃၀ ခု ခွဲထားပါ သည်။ 1
၂၀၁၅ ခုနှစ်မတိုင်မီ ရရှိအောင်မြင်ရမည့် အချက် ၈ ချက်ပါဝင်သော ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်း ချက်များကို ဤအစီအစဉ်ဖြင့် အစားထိုးရန်ရည်ရွယ်ပါသည်။ ပန်းတိုင်အသစ်များသည် ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက်များမှ ရရှိခဲ့သည့် သင်ခန်းစာများကို တုံ့ပြန်သည့်အနေဖြင့်လည်း ချမှတ်ခဲ့ခြင်းဖြစ်ပါသည်။ ယခင် ချမှတ်ခဲ့သည့် ပန်းတိုင်များသည် ပတ်သက်ဆက်နွယ်သူများ အားလုံးထံမှ ကိုယ်ပိုင်ဖြစ်သည့် စိတ်သဘောထားမရှိခြင်း၊ ဒေသတွင်းထက် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှု အခြေအနေများနှင့် ပိုမိုသက်ဆိုင်နေခြင်း၊ ဒေသဖွံ့ဖြိုးမှုဖြစ်စဉ်များထက် အလှူရှင်များ တောင်းဆိုသည်များကို ပိုမိုဦးစားပေးနေခြင်းတို့ ဖြစ်ပေါ်နေသည်ဟု ထင်မြင်ယူဆခဲ့ကြပါ သည်။ 2
မြန်မာနိုင်ငံတွင် ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များမှ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များသို့ ကူးပြောင်းမှု
မြန်မာနိုင်ငံသည် အခြားဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများကဲ့သို့ပင် ထောင်စုနှစ်ဖွံ့ဖြိုးတက်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာ၌ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါသည်။ နိုင်ငံတွင်းရှိ ထိခိုက် ခံစားနေရသော လူအများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် လုပ်ဆောင်သော ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် စိန်ခေါ်မှုများစွာကြုံတွေ့ခဲ့ရပါသည်။ အကောင်အထည်ဖော်ရန် လိုအပ်သည့် နည်းလမ်းများ မရှိဘဲ အပေါ်မှ အောက်သို့ခိုင်းစေသည့် နည်းလမ်းများဖြင့်သာ အကောင်အထည် ဖော်ခြင်းကြောင့်လည်း စိန်ခေါ်မှုများရှိခဲ့ပါသည်။ 3
၂၀၁၁ ခုနှစ်တွင် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပြည်ထောင်စု ဝန်ကြီးဌာနမှ ဦးဆောင်ပြီး စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်ကို ချမှတ်ခဲ့သည်။ 4 ယင်းမူဘောင်သည် အမျိုးသား ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း (၂၀၁၁-၂၀၃၁) နှင့် ကိုက်ညီမှုရှိကာ ထောင်စုနှစ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များကို အောင်မြင်စေရန် ရေးဆွဲထားပါသည်။ အမျိုးသားဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းသည် ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ၏ ရည်မှန်းချက်များ အောင်မြင်နိုင်ရေးအတွက် ချမှတ်ထားသော ဖွံ့ဖြိုးမှုနည်းဗျူဟာ ဖြစ်ပါသည်။ နိုင်ငံ၏မူဝါဒများသည် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များကို ကဏ္ဍ သို့မဟုတ် ဝန်ကြီးဌာန အလိုက်နှင့် ဒေသအလိုက် ပိုမိုဦးတည်ဆောင်ရွက်လာစေရေးတွင် စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်သည် နှစ်၂၀ နည်းဗျူဟာအတွင်းမှ ပထမ ၅ နှစ်အတွက် ပေါင်းကူး စီမံချက်ဖြစ်ပါသည်။5
မည်သို့ပင်ဆိုစေကာမူ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံသည် အချို့သောရည်မှန်းချက်များ (ကျောင်းများတွင် ကျားမ မခွဲခြားဘဲ တက်ရောက်ပညာသင်ယူနိုင်ခွင့်နှင့် သန့်ရှင်းသောရေ ရရှိမှု) ကို ရရှိအောင်မြင်ခဲ့သော်လည်း ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်များကို အပြည့်အဝ ရရှိ အောင်မြင်နိုင်မည် မဟုတ်ပါ။ 6 ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်အများစုအတွက် တိုးတက်မှု အဆင့်သည် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်း၌ နိမ့်သောအဆင့်မှ အလယ်အလတ်အဆင့်သို့ တိုးတက်ခဲ့ပါသည်။ 7 ဆင်းရဲနွမ်းပါးမှုဆိုင်ရာ သတင်းအချက်အလက်များကဲ့သို့ တိုးတက်အောင်မြင်မှုကို တိုင်းတာနိုင်သည့် မှန်ကန်စိတ်ချရသော သတင်း အချက်အလက်များ မရရှိခြင်းသည် ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက် အားလုံးအောင်မြင်ရေးကို နှောင့်နှေးစေသော ပြဿနာတစ်ရပ် ဖြစ်လာကာ ၎င်းသည် ၂၀၃၀ ခုနှစ်အစီအစဉ်နှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်ရေးတွင် လည်း ဆက်လက်တည်ရှိနေပေသည်။ 8
ဆင်းရဲနွမ်းပါးမှုဆိုင်ရာ စိန်ခေါ်မှုများမှာ ကျေးလက်မှလူများပြောင်းရွှေ့လာခြင်းကြောင့် မြို့ပြများ လျင်မြန်စွာ ဖြစ်ထွန်းလာခြင်းအပြင် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရန်နှင့် မြို့ကြီးများ၏ပြင်ပ ဆင်းရဲနွမ်းပါးမှုလျှော့ချရန် ဆောင်ရွက်သည့် နည်းလမ်းများမှာ ထိရောက်မှုမရှိခြင်းတို့ ဖြစ်ပါသည်။
စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်အရ ဖွံ့ဖြိုးရေး စီမံကိန်းများတွင် ဒေသခံများ၏ ဦးဆောင်မှုနှင့် ပိုင်ဆိုင်မှုကို အားပေးပြီး လူမှုစီးပွား ခြားနားကွာဟချက်များကို လျှော့ချပေးနိုင်ရန် ဗဟိုအစိုးရမှ ဒေသဆိုင်ရာအစိုးရသို့ အာဏာဖြန့်ဝေ ပေးသည့် စီမံရေးလုပ်ငန်းစဉ်များ လိုအပ်ပါသည်။ 9 ဤစီမံရေးလုပ်ငန်းစဉ်များသည် ဒေသအစိုးရများအနေဖြင့် မြန်မာနိုင်ငံတွင် မည်သည့်မူဝါဒများသည် ထိခိုက်ခံစားရသူများ၏ ကောင်းကျိုးကို ဆောင်ရွက်ရာ၌ ခက်ခဲစေပြီး ဤမူဝါဒများအား မည်သို့ ပြောင်းလဲရမည်ကို ရည်ရွယ်ပါသည်။ ပြဿနာများကို ပြုပြင် ပြောင်းလဲရေးတွင် အလှူရှင်များနှင့် နိုင်ငံတကာမိတ်ဖက်များ ကူညီထောက်ပံ့လာစေရန်လည်း ထည့်သွင်းစဉ်းစားထားခဲ့ပါသည်။
ရင်းမြစ်: Wikimedia Commons – Clay Gilliland – မေမြို့ (သို့မဟုတ်) ပြင်ဦးလွင် ၊ မြန်မာနိုင်ငံ ။ CC BY-SA 2.0.
ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို ဒေသဆိုင်ရာအခြေအနေသို့ ထည့်သွင်းခြင်း။
ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်များကို စောင့်ကြည့်ရာတွင် အချက်အလက်များ အကန့်အသတ်ရှိ နေခြင်းကြောင့် ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များသည် မြန်မာနိုင်ငံ၏ အခြေအနေနှင့် အံဝင်ခွင်ကျဖြစ်စေရေး၌ တိုင်းတာမှုတစ်ခုစီအတွက် အခြေခံ အချက်အလက်များ ရရှိ နိုင်ရန် အလွန်အရေးကြီးပါသည်။ သို့သော် ထိုအခြေခံအချက်အလက်များ ရရှိနိုင်ရေးတွင် နိုင်ငံ၏ စိန်ခေါ်မှုများ ကိုလည်း ဆီလျော်စွာ ထည့်သွင်းစဉ်းစားသင့်ပါသည်။
၁။ ပထမဦးစွာ မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲခြင်းကို ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သော်လည်း ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် ဆုံးဖြတ်ချက်များကို ဗဟိုမှသာ များသောအားဖြင့်ချမှတ်ပြီး ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများသည် နိုင်ငံရေးအရ ချိန်းဆိုမှုများနှင့် အရင်းမြစ်များ၊ ဝင်ငွေများကို လွန်စွာ ထိန်းချုပ်ထားနေဆဲ ဖြစ်သည်။ နိုင်ငံအဆင့် အဖွဲ့အစည်းများနှင့် တိုင်းနှင့် ပြည်နယ်များရှိ ဒေသဆိုင်ရာဌာနခွဲများ၏ ဆုံးဖြတ်ချက်များသည် ဒေသရှိ စည်ပင် သာယာရေးရုံးများ (DAO) ၏လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားထားခြင်းမရှိပါ။ 10 စည်ပင်သာယာရေးရုံးများက ဆုံးဖြတ်ချက်များကို ထိန်းချုပ်ခွင့်မရှိခြင်းသည် ၎င်းတို့၏ တာဝန်ခံမှုအပေါ်တွင် သက်ရောက်မှုရှိပြီး အရင်းမြစ်များ မျှဝေသုံးစွဲမှုကို မလုံမလောက်ဖြစ်စေပါသည်။ အခြေအနေအမြောက်အများတွင် မြို့နယ်စည်ပင်သာယာရေးရုံးများ၌ ၎င်းတို့ရုံးရှိ ဝန်ထမ်းများခန့်ထားခြင်း၊ ရာထူးတိုးခြင်း သို့မဟုတ် ရသုံးငွေဘတ်ဂျက်ကို ချမှတ်ခြင်း၊ ပြင်ဆင်ခြင်းတို့ကို ပြုလုပ်နိုင်သည့် အခွင့်အာဏာမရှိချေ။ 11
၂။ ဒုတိယအနေဖြင့် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို အထူးသဖြင့် စည်ပင်သာယာရေးရုံးများမှ သိရှိနားလည် သဘောပေါက်မှုသည်လည်း အကန့်အသတ်ရှိနေပါသည်။ စည်ပင်သာယာရေးရုံးများ၏အနေအထားသည် လုပ်ငန်းဆောင်ရွက်နိုင်ရန် ရှုပ်ထွေးသဖြင့် ရေရှည်စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို ၎င်းတို့ဌာနတစ်ခုတည်းအနေဖြင့် အကောင်အထည်ဖော်ရပါ သည်။ ၎င်းတို့သည် အစိုးဝန်ကြီးဌာနရုံးများစွာ၏ ညွှန်ကြားချက်များကို လက်ခံရရှိပြီး အဆိုပါ ညွှန်ကြားချက်များအတိုင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဒေသဆိုင်ရာအစိုးရ အရာရှိများ ၏ တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်မှု လိုအပ်ပါသည်။ 12 မြို့နယ်အဆင့်တွင် နိုင်ငံရေးကိုယ်စားလှယ်များသည် အစိုးရနှင့် နိုင်ငံရေးတွင် အတွေ့အကြုံ အလွန်နည်းသေးသောကြောင့် အဖွဲ့အစည်းတစ်ခုလုံး၏ စွမ်းရည်ကို တိုးမြှင့်နိုင်ရန် အချိန်နှင့် ထိရောက်သော အားထုတ်မှု အလွန်ပင် လိုအပ်လျက်ရှိပါသည်။ 13
ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးမှုပန်းတိုင်များကို ဒေသဆိုင်ရာ အခြေအနေသို့ ထည့်သွင်းရာတွင် အထက်ဖော်ပြပါ ကန့်သတ် ချက်များကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ အုပ်ချုပ်မှုစနစ်များကို ပြုပြင်ပြောင်းလဲရာတွင် ခိုင်မာသော ခေါင်းဆောင်မှုလိုအပ်ပြီး တရားဥပဒေစိုးမိုးမှုကို အုပ်ချုပ်မှု အဆင့်တိုင်းတွင် ပါဝင်နေအောင် ပြုလုပ်ထားရပါမည်။ မြို့နယ်အဆင့်ဆောင်ရွက်မှုများသည် အမျိုးသားဖွံ့ဖြိုးရေးစီမံကိန်း(၂၀၁၁-၂၀၃၁) ကဲ့သို့သော နိုင်ငံအဆင့် မူဝါဒများနှင့် ကိုက်ညီမှုရှိရပါမည်။ အဆိုပါစီမံကိန်းတွင် ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များကို မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ပုံနှင့် ပူးပေါင်းဆောင်ရွက်မှု အရေးပါပုံတို့ကို ဖော်ပြထားပါသည်။ 15
ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို ‘အကောင်အထည်ဖော်သည့် နည်းလမ်းများ’
မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအနေဖြင့် သတ်မှတ်ထားဆဲဖြစ်ပြီး ထိုသို့သတ်မှတ်ထားဆဲ ဖြစ်သောကြောင့် ရေရှည်ဖွံ့ဖြိုးတိုးတက် မှုကို မြှင့်တင်ရန်အတွက် အထောက်အပံ့ပေးသော အရင်းအမြစ်များအပေါ်လွှမ်းမိုးမှုရှိပါသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံး အခြေအနေမှ ၂၀၂၅ ခုနှစ် မတိုင်မီ ကျော်လွှားနိုင်လိမ့်မည်ဟု မျှော်မှန်းထားပါသည်။ 16 မြန်မာနိုင်ငံ၏ လူတစ်ဦးချင်းစီအတွက် စုစုပေါင်းအမျိုးသားဝင်ငွေ မှာ ၂၀၁၈ ခုနှစ် တွင်မှ အနိမ့်ဆုံးရှိသင့်သည့် အခြေအနေမှ ကျော်လွန်လာခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံသည် လူသားအရင်းမြစ်ဆိုင်ရာ အညွှန်းကိန်းများ နှင့် စီးပွားရေးဆိုင်ရာအညွှန်းကိန်းများ အပါ အဝင်အနိမ့်ဆုံးရှိသင့်သည့် အခြေအနေ စံနှုန်းသတ်မှတ်ချက်များမှ ကျော်လွန်နိုင်သည့် တံခါးဝသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်ပါသည်။ 17
ထိုရလဒ်များကို ထိန်းထားနိုင်မည်ဆိုလျှင် မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဖွံ့ဖြိုးမှု အနည်းဆုံး အခြေအနေမှ ကျော်လွန်ပြီး ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များကို အကောင် အထည်ဖော်နိုင်ရန် ဘဏ္ဍာရေး၊ လူသားနှင့် နည်းပညာဆိုင်ရာ လုပ်ဆောင်နိုင် စွမ်းကို တိုးမြှင့်ပေးနိုင်သော အရင်းအမြစ်များလည်း ရရှိလာနိုင်ပါသည်။
မြန်မာနိုင်ငံသည် အရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုရန် လိုအပ်သကဲ့သို့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များကို အကောင်အထည်ဖော်ခြင်းအပေါ် သက်ရောက်မည့် ပြဿနာရပ်များကို ဖော်ထုတ်ဖြေရှင်းနိုင်ရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင် နေသော မိတ်ဖက်များ၏ သေချာသောထောက်ပံ့ငွေများကို ရယူနိုင်ရန်လည်း လိုအပ်ပါသည်။ ယင်းပြဿနာရပ်များတွင် မတူညီသည့် ပါဝင်ပတ်သက်သူများ၏ ပူးပေါင်းဆောင်ရွက်မှု၊ မူဝါဒနှင့် အဖွဲ့အစည်းဆိုင်ရာ လိုက်ဖက်ညီမှု၊ စောင့်ကြည့်လေ့လာမှုနှင့် တာဝန်ခံမှု စသည့် စနစ်တကျဖြစ်ပေါ်နေသော ပြဿနာများ ပါဝင်ပါသည်။ 18
ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များအတွက် အကောင်အထည်သည့် နည်းလမ်းဆိုင်ရာ ရည်မှန်းချက်များနှင့် တိုင်းတာမှု များသည် ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များအား အကောင်အထည်ဖော်မှုတွင် တွေ့ရှိရသောသင်ခန်းစာများကို တုံ့ပြန်ခြင်း ဖြစ်ပါသည်။ ဤသို့ အလေးပေးထားမှုနှင့် သက်ဆိုင်ရာ တိုင်းတာမှုများမရှိလျှင် ဖွံ့ဖြိုးမှုနည်းနေသေးသော မြန်မာနိုင်ငံအနေဖြင့် ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက်အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ ခဲ့ရဖူးသော ဘဏ္ဍာရေးနှင့် လုပ်ဆောင်နိုင်စွမ်း ကန့်သတ်ချက်များကို ရင်ဆိုင်ရနိုင်ပါသည်။
ကမ္ဘာအနှံ့ အကောင်အထည်ဖော်နေသည့် နည်းလမ်းများ
မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် တရား၀င် ဖွံ့ဖြိုးတိုးတက်မှုအတွက်ကူညီထောက်ပံ့မှု (ODA) အဖြစ် အမေရိကန် ဒေါ်လာ ၁.၅၃ ဘီလျှံ ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံသည် ဒေသအတွင်း ODA ရရှိမှု အဆင့်အမြင့်ဆုံးတွင် ပါ၀င်နေသေးသော်လည်း အစိုးရ၀င်ငွေအနေဖြင့် ခြုံငုံ ကြည့်လျှင် ကျဆင်းလျက်ရှိပါသည်။ ဖွံ့ဖြိုးရေးအတွက် ကူညီထောက်ပံ့ပေးငွေမဟုတ်သော နိုင်ငံခြားသို့ အလုပ်သွားလုပ်သူများမှ သက်ဆိုင်ရာမိသားစုသို့ ငွေပို့ခြင်းများနှင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) စသည့် နိုင်ငံအတွင်းသို့ ဝင်ငွေစီးဆင်းမှုသည် အလျင်အမြန် ကြီးထွားလာပြီး ရေရှည်တည်တံ့မှု အကျိုးဆက်အနေဖြင့် ပိုမိုသိသာထင်ရှားလာပါသည်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြင့်တက် လာခြင်းသည် နိုင်ငံ၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတွင် ရင်းနှီးမြှုပ်နှံရန် ပုဂ္ဂလိက ကဏ္ဍအား စိတ်ချ ယုံကြည်လာစေရေး၌ ပွင့်လင်း မြင်သာသည့် လုပ်ဆောင်ချက်များ တိုးပွားဆောင်ရွက်လာစေရန် မြန်မာနိုင်ငံအစိုးရ အပေါ် မက်လုံးများပေးနေပါသည်။ 19
နိုင်ငံအတွင်း အကောင်အထည်ဖော်နေသည့် နည်းလမ်းများ
အခွန်ကောက်ခံမှုနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းစုများ(SEEs) မှရရှိသော ဝင်ငွေများသည် ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များကို အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံ၏ အဓိက ဘဏ္ဍာရေးအရင်းအမြစ်များ ဖြစ်ပါသည်။
သို့ရာတွင် ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး၏ ၁၀% မှာ အခွန် ဖြစ်သော်လည်း အာဆီယံနိုင်ငံများ၏ပျမ်းမျှ ပြည်တွင်းထုတ်ကုန်တန်ဖိုး၏ ၁၄% အောက် လျော့နည်းနေပါသေးသည်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှရရှိသော ဝင်ငွေများတိုးလာ နိုင်ရန် အဓိက ကြုံနေရသော စိန်ခေါ်မှုမှာ တရားမဝင် ငွေကြေးစီးဆင်းမှုဖြစ်သည်။ မြန်မာနိုင်ငံ၏ တရားမ၀င်ငွေကြေး လည်ပတ်မှုများ သည် အခြားဖွံ့ဖြိုးဆဲနိုင်ငံများ ထက်မြင့်တက်နေပြီး ယင်းအခြေအနေကို ဟန့်တားရန်နှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များကို အကောင်အထည်ဖော်ရေးအတွက် လုံလောက်သော အရင်းအမြစ်ရရှိရန် ပြုပြင်ပြောင်းလဲမှုများသည် လိုအပ်လျက်ရှိပါ သည်။ နိုင်ငံ၏ စီးပွားရေးဆိုင်ရာ လုပ်ငန်းစုများ၏ဖွဲ့စည်းပုံသည် ရှုပ်ထွေး၍ ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် ငွေကြေးအချက်အလက် များကိုလည်း ကန့်သတ်၍သာ ထုတ်ပြန်ပါသည်။ သယံဇာတထုတ်ယူမှုဆိုင်ရာ စီးပွားရေးလုပ်ငန်းစုများ၏ အုပ်ချုပ်မှုအပြောင်းအလဲသည် လည်း အလွန်အရေးပါပါသည်။ 20
ရင်းမြစ် : ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ 21 22
၂၀၃၀ ခုနှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို စောင့်ကြည့် အကဲဖြတ်ခြင်း
အမျိုးသား ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ ပဲ့ကိုင်ရေးကော်မတီ ကို ၂၀၁၆ တွင်စတင်ဖွဲ့စည်းခဲ့ပါ သည်။ ထိုကော်မတီတွင် ဗဟိုစာရင်းအင်းအဖွဲ့ (CSO)နှင့် အမျိုးသား စာရင်းအင်းရုံးတို့က ရေရှည်ဖွံ့ဖြိုးတိုးတက်သော ရည်မှန်းချက်များ ကို စောင့်ကြည့် အကဲဖြတ်ရာ၌ ဆုံချက်တစ်ခုအနေဖြင့် လုပ်ဆောင်လျက်ရှိပါသည်။ ထိုအဖွဲ့အစည်းများသည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ကြောင့် ပြည်သူအုပ်စုများ မည်သို့အကျိုးရှိမည်ကို သိရှိနားလည်နိုင်ရန် အရည်အသွေးမီ ခွဲခြားထားသော အချက်အလက်များကို အစိုးရ ဌာနအားလုံးမှ ရယူနိုင်ရန်အတွက် ဆောင်ရွက်ပါမည်။
နိုင်ငံအဆင့်နှင့် တိုင်းနှင့်ပြည်နယ်အဆင့်ထိ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်မှန်းချက် တစ်ခုချင်းစီကို စောင့်ကြည့် လေ့လာနိုင်စေရန် အလို့ငှာ အချက်အလက်များကောက်ယူစုဆောင်းနိုင်ရန် ပဲ့ကိုင်ရေးကော်မတီသည် အချက်အလက် တိကျမှန်ကန်မှုနှင့် အရည်အသွေးမီ စာရင်းဇယား (DAQS) ဆိုင်ရာ ကော်မတီကို ဖွဲ့စည်းထားပါသည်။ ထိုအချက်အလက်များကို ဖွံ့ဖြိုးမှု အစီအစဉ်များအတွက် အရင်းမြစ်များအား ပိုမိုပွင့်လင်းမြင်သာစွာ ခွဲဝေချထားရန် ကောက်ယူစုစည်းခြင်း ဖြစ်ပါသည်။ 23
၂၀၁၆ ခုနှစ်တွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များကိုစောင့်ကြည့်ရန် မြန်မာနိုင်ငံ၏ အသင့်ဖြစ်နေမှုကို အကဲဖြတ်ခဲ့ကြသည်။ အချက်အလက်စုစည်းမှုနှင့် တွက်ချက်မှုများ လွယ်ကူချောမွေ့စေရန် ကွဲကွဲပြားပြားလုပ်ဆောင်ရမည့် အပိုင်းကိုဖော်ထုတ်ခြင်း၊ တိုင်းတာမှု များကိုဖော်ပြရာတွင် မြန်မာနိုင်ငံအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင်ပြောင်းလဲခြင်း၊ ရှိပြီးသားအချက်အလက်များကို အသုံးပြု ပြီး တိုးတက်မှုကို ဆုံးဖြတ်ရာတွင် အခြားနည်းလမ်းများကိုပါ ထည့်သွင်းဆုံးဖြတ်ခြင်းတို့မှတစ်ဆင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်ပန်းတိုင်ကို တိုင်းတာမှု ၂၄၁ ခု ဖြင့် ကနဦးအကဲဖြတ်ခဲ့ပါသည်။ 24
ဤသတင်းအချက်အလက်များကြောင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်း ချက်ပန်းတိုင်အတွက် အဆင်သင့်ဖြစ်နေရန် ဆောင်ရွက်ရမည်များကို သိရှိနားလည်လာပါသည်။ ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် အချက်အလက် ကောက်ယူသည့်နည်းလမ်းများကို လိုအပ်သလို ပြောင်းလဲနိုင်ခဲ့ကာ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်၌ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို စောင့်ကြည့်ခြင်း နည်းလမ်းများအား အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်းဖြင့် သင်ကြားပေး နိုင်ခဲ့ပါသည်။ 25 ရလဒ်အနေဖြင့် မြန်မာအစိုးရသည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် ပူးတွဲကာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ တိုင်းတာရန် အတွက် အခြေခံအချက်အလက် အစီရင်ခံစာ (၂၀၁၇) ကို ရေးဆွဲနိုင်ခဲ့ပါသည်။ 26
ဤအစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ဆောင်ရွက်စရာများ ကျန်ရှိနေသေးသော်လည်း နိုင်ငံတကာအဖွဲ့အစည်းများမှ ရရှိသောဒေတာ အနည်းငယ်ဖြင့်ပင် တိုင်းတာမှုများ၏ ၇၅ ရာခိုင် နှုန်းကို စောင့်ကြည့်တိုင်းတာနိုင်မည် ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ အချက် အလက်များအရ မူလတိုင်းတာမှု ၂၄၁ ခုမှ ၃၂၀ ခုအထိ ခွဲထုတ်ခဲ့ပြီး အချက်အလက်၏ ၆၁ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံတွင် ရရှိပြီးဖြစ်ပါ သည်။ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်နိုင်ရန်အတွက် လိုအပ်သော အချက်အလက်အများစုကို ကောက်ယူစုဆောင်းနိုင် စွမ်း ရှိကြောင်း မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲ့က ပြသနိုင်ခဲ့ပါသည်။
ရင်းမြစ်: မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ၂၀၁၇ ခုနှစ် 27
ဥပမာအနေဖြင့် စာရင်းအင်းဆိုင်ရာ တိုးတက်မှုအတွက် နိုင်ငံအဆင့်မဟာဗျူဟာ (NSDS) ကို ဖော်ထုတ်ရေးဆွဲနိုင်ခဲ့ပါသည်။ 28 ဗဟိုစာရင်းအင်းအဖွဲ့သည် မြန်မာအစိုးရဖွဲ့စည်းပုံ နှင့် ဆီလျော်သည့် တိုင်းတာမှုများကို အုပ်စုပြန်ခွဲနိုင်ခဲ့ပါသည်။ 29 ထို့ကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအတွက်သာမက အခြားဝန်ကြီးဌာနများအတွက်ပါ သက်ဆိုင်ရာနယ်ပယ် ရှိ ဆောင်ရွက်မှုလုပ်ငန်းများကို စောင့်ကြည့်တိုင်းတာရန် လွယ်ကူစေခဲ့ပါသည်။ အခြားဝန်ကြီးဌာနများနှင့် ပူးတွဲဆောင်ရွက်မှုများတွင် ကလေးသူငယ်နှင့် သက်ဆိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်များလည်း ပါ၀င်ပါသည်။ 30 ထိခိုက်ခံစားရသူများ အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်များ၊ ကျား/မ ဆိုင်ရာ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်များ 31၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး 32၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်များအတွက် ပတ်ဝန်းကျင်ဆိုင်ရာ စာရင်းအင်းများ 33
References
- 1. ကမ္ဘာ့ကုလသမဂ္ဂ ၂၀၁၅ခုနှစ်. ” ကျွန်ုပ်တို့ကမ္ဘာကြီးအား အသွင်ပြောင်းလဲခြင်း-ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၃၀ ခုနှစ်အထိ အစီအစဉ် “. ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်. [/ရည်ညွှန်း]
- 2. ကုလသမဂ္ဂလုပ်ငန်းတာဝန်အဖွဲ့ ၂၀၁၂ ခုနှစ် “ဖွံ့ဖြိုးတိုးတက်မှုများကိုတိုးမြှင့်ဆောင်ရွက်ရန် ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက် အစီအစဉ်” ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်
- 3. စားနပ်ရိက္ခာငတ်မွတ်မှု အစီရင်ခံစာ ၂၀၁၄ ခုနှစ် “ ထောင်စုနှစ် ဖွံ့ဖြိုးတက်ရေး ရည်မှန်းချက်များမှ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုရည်မှန်းချက်ပန်းတိုင်များသို့ – အဓိကခြားနားချက် ၁၀ ခု” ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်
- 4. မဲခေါင်ဒေသ ဖွံ့ဖြိုးတိုးတက်မှုသုတေသနအဖွဲ့- စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဌာန (MDRI-CESD) ၂၀၁၃ ခုနှစ် “၂၀၁၂-၁၅ ခုနှစ်မှသည် အမျိုးသားဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း ၏ ရေရှည် ရည်မှန်းချက်များအတွက် စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူဝါဒ ဦးစားပေးမှု မူဘောင်” ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်
- 5. အာရှဖွံ့ဖြိုးမှုဘဏ် ၂၀၁၄ ခုနှစ် “မြန်မာနိုင်ငံ အလားအလာများကို ဖော်ထုတ်ဖွင့်လှစ်ခြင်း-နိုင်ငံ၏အခက်အခဲလက္ခဏာရပ်များကို လေ့လာခြင်း” ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်.
- 6. Jolliffe, Kim (မြန်မာတိုင်းမ်စ်)၊ ၂၀၁၅ ခုနှစ် “မြန်မာနိုင်ငံနှင့် ၂၀၁၅ ခုနှစ် နောက်ပိုင်း ဖွံ့ဖြိုးမှုအစီအစဉ်” ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်.
- 7. ကုလသမဂ္ဂစာရင်းအင်း ဌာန၊ ၂၀၁၅ ခုနှစ်. “ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက် တိုးတက်မှု: မြန်မာနိုင်ငံ” ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်
- 8. စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD)၊ ၂၀၁၅ ခုနှစ် “ဖွံ့ဖြိုးမှု စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသော မူဝါဒရေးရာစိန်ခေါ်မှုများ” ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်
- 9. MDRI-CESD. ၂၀၁၄ ခုနှစ် “မြန်မာနိုင်ငံ၏ ထောင်စုနှစ်ဖွံဖြိုး ရေးရည်မှန်းချက် အတွေ့အကြုံများနှင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း အစီအစဉ်အပေါ် ရှုမြင်သုံးသပ်ချက် များ “ ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်
- 10. အာရှဖွံ့ဖြိုးမှုဘဏ် ၂၀၁၄ ခုနှစ် “မြန်မာနိုင်ငံ အလားအလာများကို ဖော်ထုတ်ဖွင့်လှစ်ခြင်း-နိုင်ငံ၏အခက်အခဲ လက္ခဏာရပ်များကို လေ့လာခြင်း” ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်
- 11. Matthew, Arnord. Aung, Ye T. Kempel, Susanne. and Saw, Kyi P C. ၂၀၁၅ ခုနှစ် “မြန်မာ နိုင်ငံ စည်ပင်သာယာရေးအုပ်ချုပ်မှု: စည်ပင်သာယာရေးအဖွဲ့များအပေါ် ခြုံငုံသုံးသပ်ချက်” ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်
- 12. အပြည်ပြည် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ၂၀၁၄ ခုနှစ် “မြန်မာနိုင်ငံ၏ ထောင်စုနှစ် ဖွံဖြိုးရေးရည်မှန်းချက် အတွေ့အကြုံများနှင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း အစီအစဉ်အပေါ် ရှုမြင် သုံးသပ်ချက်များ” ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်.
- 13. Barker K. ၂၀၁၇ ခုနှစ် “မြန်မာ့ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ လုပ်ငန်းခွင်နှင့် အင်တာနက်မှ သင်ယူလေ့လာခြင်း” ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်.
- 14. Arnord, M. Y. Aung, T. Ye, S. Kempel, and K.P.C. Saw, ၂၀၁၅ ခုနှစ်. “မြန်မာနိုင်ငံ စည်ပင်သာယာရေးအုပ်ချုပ်မှု- စည်ပင် သာယာရေးအဖွဲ့များအပေါ် ခြုံငုံသုံးသပ်ချက်” ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်.
- 15. Ibid.
- 16. ကုလသမဂ္ဂ ကုန်သွယ်ရေး နှင့် ဖွံ့ဖြိုးရေးအဖွဲ့ ၂၀၁၆ ခုနှစ် “ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အစီရင်ခံစာ-၂၀၁၆ ခုနှစ် – ဖွံ့ဖြိုးမှု အနည်းဆုံးအခြေအနေမှ ကျော်လွန်ရန်နှင့် ကျော်လွန်ပြီး နောက် ဆောင်ရွက်ရန် နည်းလမ်း – လုပ်ငန်းစဉ်အများစုကို ဆောင်ရွက်ခြင်း “ ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်
- 17. ကုလသမဂ္ဂ ၂၀၁၈ ခုနှစ် ” ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်များ – မြန်မာနိုင်ငံ – ၂၀၁၈ ခုနှစ်၊ ၃ နှစ် ၁ ကြိမ် သုံးသပ်ခြင်းမှ သတင်းအချက်အလက်များ “ ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်.
- 18. ကုလသမဂ္ဂ၊ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေး နှင့် လူမှုရေးကော်မရှင် ၂၀၁၈ ခုနှစ် ” အကောင်အထည်ဖော်သည့် နည်းလမ်းများ “. ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်.
- 19. ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ၂၀၁၆ ခုနှစ် “မြန်မာနိုင်ငံ ငွေကြေးဖွံ့ဖြိုးမှု အစီရင်ခံစာ” ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်.
- 20. Ibid.
- 21. ကမ္ဘာ့ဘဏ် ၂၀၁၇ ခုနှစ်“ကမ္ဘာ့ဖွံ့ဖြိုးမှုညွှန်ကိန်းများ “ ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်.
- 22. အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ ၂၀၁၇ ခုနှစ် ” အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေ အဖွဲ့ အချက်အလက်များ” ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်.
- 23. ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ၂၀၁၆ ခုနှစ် “ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များအတွက် မြန်မာ စာရင်းအင်း အချက်အလက်များ ရရှိနိုင်မှု” ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်.
- 24. Ibid.
- 25. အာရှ-ဥရောပ ပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲ ၂၀၁၇ ခုနှစ် “ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်မှု ရည်မှန်းချက် ပန်းတိုင်များ- အကောင်အထည်ဖော်ရေးအတွက်စီမံချက် အလုပ်ရုံဆွေးနွေးပွဲ အစီရင်ခံစာ ” ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်.
- 26. မြန်မာ နိုင်ငံရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ၂၀၁၇ ခုနှစ် ” ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်း ချက်ပန်းတိုင်များအတွက် မြန်မာနိုင်ငံ၏ စတင်ဆောင်ရွက်မှုအား တိုင်းတာ သတ်မှတ်ခြင်း- ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင် အခြေခံတိုင်းတာမှုအစီရင်ခံစာ “ ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်.
- 27. Ibid.
- 28. ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ၂၀၁၆ ခုနှစ် “ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များအတွက် မြန်မာ စာရင်းအင်း အချက် အလက်များရရှိနိုင်မှု ” ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်.
- 29. Arnord, M. Y. Aung, T. Ye, S. Kempel, and K.P.C. Saw, ၂၀၁၅ ခုနှစ် “မြန်မာနိုင်ငံ စည်ပင်သာယာရေးအုပ်ချုပ်မှု: စည်ပင်သာယာရေးအဖွဲ့များအပေါ် ခြုံငုံသုံးသပ်ချက်” ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်.
- 30. ကုလသမဂ္ဂ ကလေး သူငယ်များ ရံပုံငွေအဖွဲ့ ၂၀၁၆ ခုနှစ် “မြန်မာနိုင်ငံကလေးများ အတွက် အမြင်သစ်- ကလေးများ၏အနေအထားကို ဆန်းစစ်ရန် လက်ရှိ အချက်အလက်များအား အသုံးပြုခြင်းနှင့် မြန်မာအတွက် ရည်ရွယ်ပုံ “ ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်.
- 31. ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကျား/မ မရွေး ပူးပေါင်းပါဝင်ခြင်း ၂၀၁၇ “မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကျား/မ မရွေး ပူးပေါင်းပါဝင်ရေးဆိုင်ရာ နိုင်ငံတကာ စံသတ်မှတ် ချက်များ “. ၂၀၁၈ ခုနှစ်၊ မတ်လ တွင် ရရှိသည်.
- 32. ကုလသမဂ္ဂ စီမံကိန်း လုပ်ငန်းများရုံး ၂၀၁၈ ခုနှစ် ” ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်များ အောင်မြင်ရန် မြန်မာနိုင်ငံ ပုဂ္ဂလိက ကဏ္ဍအား ပြင်ဆင်ခြင်း “
- 33. Maung, W. ၂၀၁၇ ခုနှစ် “နိုင်ငံဆောင်ရွက်မှုများကို ပံ့ပိုးရေးအတွက် အဆိုပြု ထောက်ခံချက်များအား အကောင်အထည်ဖော်ရေးဆိုင်ရာ စီစဉ်ဆောင်ရွက်ခြင်းနှင့် ဦးစားပေး ရွေးချယ်ခြင်း “. ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရရှိသည်.